အသိတစ်လုံး
အမြတ်ဆုံး တစ်လုံးသိ အကျိုးရှိ၏ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည်
သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်၏။
ကုသိုလ်ကောင်းမှု၌မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲအဖန်တလဲလဲသေရခြင်း၏
အကြောင်းဖြစ်၏။ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သောသူတို့သည် မသေရာ နိဗ္ဗာန်သို့
ရောက်ကြမည်ဖြစ်၍ မသေသောသူများဖြစ်ကြ၏။ ကုသိုလ်ကောင်းမှု၌
မေ့လျော့သောသူတို့သည် အသက်ရှင်လျက်ရှိကြသော်လည်း အဖန်တလဲလဲသေကြရဦးမည်ဖြစ်၍
သေသောသူနှင့်တူကုန်၏။ (ဓမ္မပဒ-၂၁) ဤသို့မေ့လျော့သောသူနှင့်
မမေ့မလျော့သောသူ၏ထူးခြားကြောင်းကို သိကြ၍၊ ပညာရှိတို့သည်
မမေ့လျော့သောသတိတရား၌ ရွှင်လန်းဝမ်းမြောက်စွာ ဘုရားအစရှိသောသူတော်
ကောင်းတို့၏ ကျက်စားရာ၊ လောကမှ လွတ်မြောက်ကြောင်းတရား၌ မွေ့လျော်ကုန်၏။
(ဓမ္မပဒ-၂၂) လုံ့လလည်းရှိ၊ သတိလည်းရှိ၊ အပြစ်ကင်းသောအလုပ်ကိုလည်း
ပြုလုပ်တတ်၊အမှုကိစ္စဟူသမျှကို ပညာဖြင့်ဆင်ခြင်၍ ပြုလုပ်လေ့လည်းရှိ၊ ကိုယ်၊
နှုတ်၊ စိတ်သုံးပါးကိုလည်းစောင့်စည်းလေ့ရှိ၊ တရားသဖြင့်
အသက်မွေးလေ့လည်းရှိသည့် မမေ့လျော့သောသူမှာ စည်းစိမ်ဥစ္စာ
အရာအထူးကျေးဇူးသတင်းကျော်ဇောခြင်း အလွန်တိုးပွားလေ၏။ (ဓမ္မပဒ-၂၄)
ရည်ညွှန်း-“ဓမ္မပဒ” ကမ္ဘာ့သာသနာပြု သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန
္တသေဋ္ဌိလဘိဝံသ(၁၈၉၆-၁၉၉၇)
မြတ်သောတရားဖြင့် အသက်ရှည်ခြင်း
မကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ပူပန်ဆင်းရဲရ၏။ နောင်ဘ၀၌လည်း ပူပန်ဆင်းရဲရ၏။ ငါသည် ယုတ်မာသော မကောင်းမှုကို ပြုမိချေပြီဟု နှလုံးမသာမယာ ပူပန်ဆင်းရဲရ၏။ ထိုသူသည် အပါယ်လေးပါးသို့ သွားရသည့်အခါ သာ၍ပင်ပူပန်ဆင်းရဲရ၏။ (ဓမ္မပဒ-၁၇)
နတ်ချမ်းသာ၊ ဈာန်သမာပတ်ချမ်းသာ၊ နိဗာန်ချမ်းသာကို မိခင်သည်လည်း မပေးနိုင်၊ ဖခင်သည်လည်း မပေးနိုင်၊ ဆွေမျိုးတို့သည်လည်း မပေးနိုင်။ ကောင်းစွာ စောင့်ရှောက်ဆောက်တည်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုးထက် ပိုလွန်၍ လူ၊ နတ်၊ နိဗာန်သုံးတန်သောချမ်းသာကိုပေးနိုင်၏။ (ဓမ္မပဒ-၄၃)
တောင်ဇလပ်ပန်း၊ စနကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာဖြစ်၏။ သီလရှိသောသူတို့၏ သတင်းရနံ့သည် ထူးကဲလွန်မြတ် သူဖြစ်၍ နတ်ပြည်၊ ဗြဟ္မာပြည်တို့၌ လည်း ပျံ့နှံ့ကြိုင်လှိုင်၏။ (ဓမ္မပဒ-၅၆)
အိပ်မပျော်သောသူအတွက် ညတာရှည်၏။ ခရီးပန်းသောသူအတွက် ယူဇနာခရီးသည်ရှည်၏။ သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်ကြာ၏။ (ဓမ္မပဒ-၆၀)
ပျော်ရွှင်ငြိမ်းချမ်းသာယာတဲ့ဘ၀ကို တည်ဆောက်ခြင်း
လူအများရဲ့ စိတ်ထဲမှာ ထင်နေကြတာက ဗုဒ္ဓဘာသာဝင်ကောင်း
တစ်ယောက်ဖြစ်ဖို့ဆိုရင် လောကီကြီးပွားရေး၊ ရုပ်ဝတ္ထုကြီးပွားရေးကို
ဘာမှလုပ်နေစရာမလိုဘူးလို့ သဘောထားနေကြတယ်။ ဒီအမြင်အယူ အဆဟာ
လုံးဝမမှန်ပါဘူး။ မြတ်ဗုဒ္ဓသင်ကြားတော်မူခဲ့တာက လူသား အနေနဲ့
အစွန်းတစ်ဖက်ကို ရောက်လောက်အောင် ရုပ်ဝတ္ထုစည်းစိမ်တွေ အပေါ်မှာ မခံစားဘဲ
စည်းစိမ်ဥစ္စာကို သင့်တင့်လျောက်ပတ်စွာခံစားရင်း မိမိရဲ့သီလ၊ သမာဓိ၊
ပညာဘက်မှာ တိုးတက်ဖွံ့ဖြိုးအောင် သတိနဲ့ဆောင် ရွက်တတ်ဖို့ပဲဖြစ်တယ်။
လူသာမန်တွေအနေနဲ့ တစ်ဖက်က လောကီ အာရုံကာမဂုဏ်တွေကိုလည်း အသင့်အတင့်ခံစား၊
ဒါပေမဲ့ ဒီကာမဂုဏ် အာရုံတွေကို အလွန်အကျွံတပ်မက်ပြီး မိမိရဲ့ သီလ၊ သမာဓိ၊
ပညာတိုး တက်ရေးကို အဟန့်အတားမဖြစ်စေဘဲ ခံစားနိုင်ဖို့သာအရေးကြီးတယ်။
ဗုဒ္ဓဘာသာက သင်ကြားတာ အလယ်အလတ်ကျင့်စဉ်၊ မဇ္ဈိမပဋိပဒါကျ အောင်လုပ်တတ်ဖို့၊
နေတတ်ဖို့ပဲဖြစ်တယ်။
ဗုဒ္ဓဘာသာက ဥစ္စာဓနကြယ်ဝချမ်းသာရေးကိုလည်း အားပေး တယ်။ ဒါပေမဲ့ ပျော်ရွှင်ပြီး ငြိမ်းချမ်းသာယာတဲ့ဘ၀မှာ နေနိုင်ဖို့အတွက် ကတော့ အကျင့်သီလနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ် တယ်ဆိုတာကို မြတ်ဗုဒ္ဓက အလေးအနက်ထားပြီး ဟောကြားတော်မူ တယ်။ ဒါမှသာ ပျော်ရွှင်ဖွယ်၊ ငြိမ်းချမ်းသာယာပြီး ရောင့်ရဲတင်းတိမ်တဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်ကြောင်း ဟောကြားတော်မူပါတယ်။

ပိုင်ဆိုင်မှုကို အလေးအမြတ်ပြုခြင်း
လူတွေက ကာမဂုဏ်အာရုံတွေကိုသာ တပ်မက်စွဲလမ်းကြတာ မဟုတ်ဘူး။
ဥစ္စာစီးပွားတန်ခိုးအာဏာအပြင် အယူဝါဒ၊ ယုံကြည်မှု၊ အစွဲအလမ်းတွေလည်း
ရှိကြပါသေးတယ်။ တဏှာဆိုတာက အ၀ိဇာနဲ့ တွဲဆက်နေတယ်။ သက်ရှိသက်မဲ့
ပစ္စည်းတွေရဲ့ ပင်ကိုသဘာဝအစစ် တရားအနှစ်ကိုမသိကြဘူး။ လောကထဲမှာ
ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်း လာခဲ့ကြရတဲ့ အတွေ့အကြုံတွေရဲ့ ပင်ကိုသဘော
အစစ်တရားအနှစ်ကို လည်း နားမလည်ကြဘူး။ အတ္တစွဲဒိဋ္ဌိဝိပလဒာသရဲ့ အောက်မှာ အနတ္တ
သဘော(၀ိညာဉ်ကောင်မရှိခြင်းသဘော)ကိုလည်း နားမလည်ကြတာကြောင့် လူတွေဟာ
အမြဲမရှိနိုင်တဲ့ အနိစ္စတရားတွေကို မြဲတဲ့နိစ္စတရား တွေလို့ အမြင်မှားပြီး
စွဲလမ်းနေကြတာဖြစ်တယ်။ တပ်မက်နေကြတာဖြစ်တယ်။
ဒီဆနရာဂ လောဘတဏှာရဲ့ လိုဘပြည့်အောင် ဖြည့်ဖို့အတွက် လူတွေဟာ တိုက်ခိုက်ကြရ၊ သတ်ဖြတ်ကြရ၊ လိမ်လည်လှည့်ဖြားကြရ၊ အကုသိုလ်မျိုးစုံ၊ ဒုစရိုက်မျိုးစုံကို ပြုလုပ်နေကြရတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုအပေါ် အလေးအမြတ်ပြုသင့်တယ်လို့ မြတ်ဗုဒ္ဓဟောကြားတော်မူ တယ်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် အလေးအမြတ်ပြုခြင်းဆိုတာက သူများမပေးတဲ့ပစ္စည်းကိုမရယူသင့်ဘူး ဆိုတာပဲဖြစ်တယ်။ ခိုးယူတာတို့၊ လိမ်ယူတာတို့ အင်အား
သုံးပြီး လုယက်တာတို့ကို မလုပ်သင့်ဘူးလို့ဆိုလိုတယ်။

သဘာဝတရားမှာ ဘက်လိုက်တတ်တဲ့ သဘောမရှိဘူး
လူသားဟာ မိမိလိုအပ်သမျှအတွက် အသနားခံပြီး မျှော်လင့်စောင့်စားတောင်းခံရမည့် သတ္တ၀ါမဟုတ်ဘူး။
ဗုဒ္ဓဘာသာသဘောက လူသားသည် သူ့ဘ၀ကိုသူ ဖန်တီးနိုင်စွမ်းရှိသူဟု နားလည်၍ ထိုအယူကို လက်ခံထားတယ်။ သူ့မှာအ၀ိဇာအမှောင် ဖုံးလွှမ်းခံနေရ၍သာ လူသားသည် သူ့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်ကို မသိဘဲ၊ မသုံးနိုင်ဘဲဖြစ်နေရတယ်။ မြတ်ဗုဒ္ဓက လူသား၏ ဖုံးကွယ်သိုဝှက်ထားသော စွမ်းအားကို ဖော်ထုတ်ပြသခဲ့ပြီဖြစ်ရကား လူသားအနေဖြင့် မိမိ၏ မွေးရာပါ ကိုယ်ရည် ကိုယ်သွေးကို ထူးချွန်ထက်မြက်လာအောင် ပြုစုပျိုးထောင်ယူကြရမှာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကလူသားရဲ့ ဘ၀ကြမ္မာကို ဆုံးဖြတ်ပြဋ္ဌာန်းနိုင်တဲ့၊ လူသားရဲ့ခေါင်းပေါ်မှာ ထိုင်ပြီး ခြယ်လှယ်နေတဲ့ ဘယ်တန်ခိုးရှင်ကိုမှ ရှိတယ်လို့ မယူဆဘူး။ လက်မခံဘူး။ ဆိုလိုတာက ကျွန်ုပ်တို့ဘ၀၊ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း၊ ကျွန်ုပ်တို့ရဲ့ ကမ္ဘာလောကကြီးကို စိတ်တိုင်းကျ လိုအပ်သလို ပြုပြင်ဖန်တီးနေတာဟာ သင်တို့ငါတို့ လူသားတွေပဲဖြစ်တယ်။ ဘယ်သူကမှ လောကအပြင်ဘက်ကနေပြီး ပြုပြင်ဖန်တီးနေတာ မဟုတ်ဘူးလို့ သဘောထားတယ်။ သဘာဝတရားမှာ ဘက်လိုက်တတ်တဲ့သဘောမရှိဘူးဆိုတာ သတိထားသင့်တယ်။ သဘာဝတရားကို ဆုတောင်းပြီး မြှောက်ပင့် ပြောဆိုလို့လည်း မရဘူး။ တောင်းပန်လို့လည်း သဘာဝတရားက အထူးမျက်နှာသာပေးမှာ မဟုတ်ဘူး။ ဒီလိုသဘောရှိ တာကြောင့် ဗုဒ္ဓဘာသာမှာ ၀တ်ပြုဆုတောင်းတယ်ဆိုတာဟာ တရားအားထုတ်ခြင်းပဲဖြစ်တယ်။ တရားအားထုတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် တိုးတက်အောင် ပြောင်းလဲသွားစေနိုင်တယ်။

စိတ်ပိုင်းဆိုင်ရာပျိုးထောင်ခြင်းသဘောကို ဘာဝနာလို့ခေါ်တယ်
ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲအောင် ပြုလုပ်တဲ့ဖြစ်စဉ်မှာ ထိုအသိဉာဏ်ရှိတဲ့လူသားဟာ နောက်ဘ၀မှာ နတ်အဖြစ် ပဋိသန္ဓေတည်ပြီး နတ်စည်းစိမ်ချမ်းသာမျိုးကိုလည်း မလိုလားတော့ဘူး။ မတောင့်တတော့ပါဘူး။ အဲဒီ့အခါ လူသားဟာ နတ်စည်းစိမ်ထက် ပိုပြီးအဆင်မြင့်တဲ့ချမ်းသာကိုသာ ရည်မှန်းချက်ထားပြီး လုပ်ဆောင်တော့မှာဖြစ်တယ်။ သူဟာ မြတ်ဗုဒ္ဓကို စံနမူနာထားပြီးတော့ သဗညုတဉာဏ်ရှင်ဘုရားဧကန်စင်စစ်ဖြစ်ရေးဆိုတဲ့ ဗောဓိဆုကြီးကိုပဲဖြစ်ဖြစ်၊ အရဟတ္တမဂ်ဉာဏ်ဖိုလ် ဉာဏ်ဖြင့် ရရောက်နိုင်တဲ့ သဥပါဒိသေသ၊ အနုပါဒိသေသနိဗာန်ကိုပဲဖြစ်ဖြစ်၊ အဆင့်မြင့်မြင့် ရည်မှန်းချက်ထားပြီး ကြိုးပမ်းတော့မှာဖြစ်ပါတယ်။ လောဘတဏှာကို သုတ်သင်ရှင်းလင်းပြီး ကရုဏာနဲ့ပညာဖွံ့ဖြိုး ရေးကိုကြိုးပမ်းရင်း သံသရာဝဋ်ကလွတ်အောင်ရုန်းထွက်ခြင်းဆိုတဲ့ ၀ိမုတ္တိကိုရအောင် ရည်မှန်းချက်ထားပြီး လုပ်ဆောင်ပါတော့တယ်။
အဲဒီ့ရည်မှန်းချက်နဲ့ မိမိရဲ့စိတ်ပိုင်းဆိုင်ရာပျိုးထောင်ခြင်းသဘောကို ဘာဝနာလို့ခေါ်တယ်။ ဘာဝနာအလုပ်ကလူသားရဲ့စိတ်ကို နက်နက်ရှိုင်းရှိုင်းသိနိုင်စွမ်းကိုဖြစ်ပေါ်စေပြီး လူ့အတွေ့ အကြုံတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးထိုးထွင်းထွင်းနားလည်စေတယ်။ မိမိအတွေ့အကြုံကိုသာမကဘဲ သဘာဝထဲက ရုပ်ဓမ္မ၊ နာမ်ဓမ္မများရဲ့ သဘောအမှန်ကိုရော ဘ၀ဖြစ်တည်ပုံနဲ့တကွ စကြ၀ဠာလောကကြီးတစ်ခုလုံးကိုပါ သိနားလည်လာမှာဖြစ်ပါတယ်။
ဧရာဝတီသားလေး
0 comments:
Post a Comment