Labels:

ကကြီး၏ ဘာသာရေး...အမြင်/ အသိ...ဆန္ဒ အမည်ရှိဆောင်းပါးအား သုံးသပ်ခြင်း

http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com...
 http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085
အထက်ဖော်ပြပါ လင့်ခ်မှ ... ကကြီး၏ ဘာသာရေး...အမြင်/ အသိ...ဆန္ဒ ..ဆိုသော ပို့စ်ကို ဖတ်မိရချိန်တွင် အံ့အားသင့်ခြင်းနှင့် တုန်လှုပ်ခြင်းက မည်သည့်အပိုင်းက သာသည်ကို မသိအောင် ခံစားမှုတစ်မျိုးဖြစ်ပေါ်လာသဖြင့် ယခုပို့စ်ကို ရေးရခြင်းဖြစ်ပါသည်။

ကိုကကြီးသည် ယခုဆောင်းပါကိုရေးသူ ကိုကြီးမိုင်းနှင့် စိတ်ချင်းရင်းနှီးသော မိတ်ရင်းကဲ့သို့ခံစားမိသည်မှာ ကာလအတန်ကြာပြီဖြစ်သဖြင့် ပုတ်ခတ်ရှုတ်ချလိုသောစိတ်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ မူလဆန္ဒအရ ကွန့်မန့်မျှသာ ရေးသားရန်ဖြစ်သော်လည်း အတွေ့အကြုံအရ အနည်းငယ်သော စာသားမျှဖြင့် မိမိဆိုလိုချင်သော အကြောင်းကို ခြုံငုံမစမ်းဝါးနိုင်ခြင်း၊ မိမိတို့၏ အယူအဆအကြောင်းအရာကို ပရိသတ်များရှေ့မှောက်၌ တင်ပြခွင့်ရှိခြင်းကို ယုံကြည်ခြင်း စသည်တို့ကြောင့် သီးသန့်ပို့စ်တင်ရန်ဆုံးဖြတ်လိုက်ပါသည်။
ကိုကြီးမိုင်းရေးသားနေကျအတိုင်း စကားလုံးဖောင်းပွခြင်းကို မလိုလားသည့် အားလျှော်စွာ လိုရင်းကိုသာ အနှစ်ချုပ်အဆီထုတ်ပြီး ရေးမည်ဖြစ်သဖြင့်စာဖတ်သူများ၏ အချိန်ကို တတ်နိုင်သမျှ ငဲ့ကွက်သွားမည်ဖြစ်ပါသည်။
ကိုကကြီးသည် ၄င်း၏ သဒ္ဓါတရားနှင့် ဘာသာရေးအပေါ်အလေးအနက်ထားမှုတို့ဖြင့် အဆိုပါ ပို့စ်ကို ရေးသားခြင်းဖြစ်သည်ဟူသောအချက်မှာ သံသယဖြစ်စရာမရှိပါ။ ထိုအချက်ကို မိမိအနေဖြင့် လေးလေးနက်နက်နားလည်ထားပြီးဖြစ်ပါသည်။
သို့သော်ဆိုရေးရှိက ဆိုအပ်စွဟူသော စကားအတိုင်း ကိုကြီးမိုင်း၏ အတွေး၊ အမြင်၊ အယူအဆကို စာဖတ်ပရိသတ်ရှေ့ချပြခြင်းဖြင့် မှန်ကန်သောအသိ၊ မှန်ကန်သော အမြင်ကို ယူနိုင်သူများယူစေခြင်းအတွက် လုံ့လပြု၍ ဤစာစုကိုစီရင်လိုက်ခြင်းဖြစ်ပါသည်။
ကိုကကြီးရေးသားသော ပထမဆုံးစာပိုဒ်တွင်ပါရှိသည့် စာပိုဒ်များသည် အမှန်စင်စစ် မည်သည့်ဗုဒ္ဓဘာသာဝင်မဆိုသက်ဝင်ယုံကြည်ပြီးဖြစ်သည့် ခံယူချက်များဖြစ်သဖြင့် မည်သို့မျှ လက်မခံစရာမရှိပါ။ တိတိကျကျစာနှင့်၊ ပေနှင့်သိရသည့်အတွက် ကျေးဇူးတင်ထိုက်ဖွယ်ပင်ဖြစ်ပါသည်။
ကိုကကြီးသည် ဗုဒ္ဓဘာသာဝင်များကို လေးနက်သောစေတနာအားဖြင့် အမည်ခံဗုဒ္ဓဘာသာမဖြစ်စေလိုကြောင်း၊ ဘုရား၊ တရား၊ သံဃာနှင့်တကွ ကံ၊ ကံ၏ အကျိုးကို ယုံကြည်မှသာလျှင် ဗုဒ္ဓဘာသာဝင်စင်စစ်ဖြစ်နိုင်ကြောင်း ရေးသားထားခဲ့ပါသည်။ ထိုအချက်သည်လည်း ဗုဒ္ဓဘာသာဝင်များအဖို့ စောဒကတက်ရန်၊ ကန့်ကွက်ရန်အကြောင်းမရှိပဲ အလွယ်တကူလက်ခံနိုင်ဖို့ပင်ဖြစ်သောကြောင့် ကျွန်ုပ်အနေဖြင့်သာဓုခေါ်ရန်သာရှိပါသည်။ ကျွန်ုပ်အဓိက ရေးသားခြေပလိုသော အကြောင်းမှာ အဓိကအားဖြင့် ကိုကကြီးရေးသားခဲ့သော အောက်ပါအချက်များကိုသာ ဖြစ်ပါသည်။


(ဘာသာရေးနှင့် ပါတ်သတ်၍ ပြောလိုပါသေးသည်....ထို အကြောင်းကိစ္စမှာ....ဘုရားတရားတော်များအား ဘုရားစင်ရှေ့တွင်  အော်ဟစ်၍ တစ်မျိုး......သူတစ်ပါး ကြားကောင်းအောင်  တေးပြု၍ သီဆိုနေပုံ က  တဖုံ.....ဌာန်းကရိုဏ် မကျဘဲ  ထစ်ငေါ့ ရွတ်ဆို ပူဇော် ရွတ်ဖတ်သရဇ္ဇယ် နေကြခြင်းများ ဖြစ်ပါသည်....။)

ထိုအချက်ကို အရင်ဆုံးဝေဖန်စောကြောပါမည်။ ထိုကဲ့သို့ ဝေဖန်ရခြင်းမှာ စာရေးသားသူ ကိုကကြီး၏ အကျိုးစီးပွားကို စောင့်ရှောက်လိုခြင်း၊ ထိုကဲ့သို့ရေးသားခြင်းအား အဓိပါယ်တစ်မျိုးပေါက်၍ တရားစာများရွတ်ဖတ်ရန် အားငယ်ကြောင့်ကြသွားကြမည့် သူများ၏ အကျိုးကို ကာကွယ်လိုခြင်းဟူသော စေတနာကြောင့်ဖြစ်ပါသည်။
စေတနာဘိက္ခဝေ၊ ကမ္မ၀န္ဒာမိ
ဘိက္ခဝေ-ချစ်သားရဟန်းတို့၊ စေတနာ-စေတနာသည်၊ကမ္မ-ကံဟု၊ ၀န္ဒာမိ-ငါဘုရားဟောတော်မူ၏။
ကံသည် အကုသိုလ်၊ ကုသိုလ်အားဖြင့် အကျိုးပေးရန် အလို့ငှာ သုံးမျိုးအားဖြင့် အပြားရှိပါသည်။

၁။ ကိုယ်ဖြင့်ပြုလုပ်မှု ကာယကံ
၂။ နုတ်ဖြင့်ပြုလုပ်မှု ၀စီကံ
၃။ စိတ်ဖြင့်ကြံစည်မှု မနောကံ ဟူ၍ ဗုဒ္ဓဘာသာဝင်များ ယုံကြည်လက်ခံကြပြီးဖြစ်ပါသည်။

ဥပမာတစ်ခုတစ်ခုကို ပုံဝတ္ထုအားဖြင့် တင်ပြပါဦးမည်။

အခါတပါး၌ လူတစ်ယောက်သည် နေပူကြဲကြဲခရီးခဲ၊ လမ်းခုလတ်၌ ဗုဒ္ဓဆင်းတုတော်တစ်ဆူသည် အမိုးအကာ ဗလာနတ္ထိစံပယ်တော်မူနေသည်ကို တွေ့သည့်အခါဝယ် အရိပ်အမိုးပြုလုပ်ပေးချင်သော်လည်း အနီးအနား ရှားမှီးစရာ သင်၊ ရိုင်၊ ဖျာ တစ်ခုတစ်လေမှ မတွေ့သည့်အတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်လျက် မိမိခြေထောက် သွေးငေါက်တောက်ထွက်ချင် ထွက်ပါစေ၊ သုံလူ့ထွတ်ထားဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ မဏိ၊ တေဇောဒါဏ်ထိခြင်းမှ လွတ်ပါစေကြောင်း စီးလာသော ဖိနပ်ကလေးချွတ်တဲ့ပြီး ဦးခေါင်းတော်မြတ်တွင် တင်ပေးခဲ့သတတ်။
ထိုသူထွက်သွားပြီး မကြာမီ ရောက်လာသောခရီးသည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ မဏိတော်၌ အကျအနနေရာယူထားသော ရှေ့ခရီးသွား၏ ဖိနပ်ကိုမြင်လျှင် ရင်ဘတ်စည်တီး အံ့အားအသင့်ကြီးသင့်လျက် ယူကျုံးမရဖြစ်စွာ ဖယ်ရှားပြီး ရှေ့ခရီးကိုဆက်သွားပါတော့သတတ်။
ထိုသူနှစ်ယောက်ထွက်သွားပြီးမကြာ ဗုဒ္ဓဘာသာ၌ သက်ဝင်ခြင်းမရှိသော မရှိသော ဘာသာခြားတစ်ယောက်ရောက်လာပြီး နှိမ့်ချစော်ကားမထေမဲ့မြင်ပြုလိုသော ရည်ရွယ်ချက်ဖြင့် ဘေးနားတွင် တွေ့သော ဖိနပ်ကိုကောက်ယူပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဆင်းတုတော် ဦးခေါင်းတွင် တင်ပြီး လက်ဖျစ်တွတ်တီး၊ ရ့ယ်မောလှောင်ပြောင်လျက်ခရီးကိုဆက်သွားသတတ်။

ထိုသုံးယောက် မည်သူက ကံအားဖြင့် အပြစ်ရောက်နိုင်ကြောင်းကို စာဖတ်သူများ စဉ်းစားသဘောပေါက်ခြင်းသည်လည်း ဥပမာတချက်။
မုဆိုး၏ သောတာပန်မယားသည် လင်သည်မုဆိုး တောလည်ထွက်ရန် ဆိပ်လူးမြှားနှင့်လေး ကို ပြင်ပေးသော်ငြား မယားဝတ္တရားကျေဖို့အာရုံသာထားပြီး ထိုလက်နက်ဘေးဖြင့် တိရိစ္ဆာန်လေးများအား သေစေလိုသော ဆန္ဒမရှိသဖြင့် အကုသိုလ်မဖြစ်ပုံကလည်းတချက်။
စက္ကုပါလမထေရ်ကြီး စင်္ကြန်ကြွစဉ် ပိုး၊ ပုရွက်များကို နင်းမိသော်လည်း သေစေလိုသော စိတ်မရှိသည့်အတွက် အကုသိုလ်မဖြစ်ပုံကို ဆင်ခြင်အားလည်း တချက်။

ထိုဥပမာများအား သဘောပေါက်ရုံမျှဖြင့် အကြင်သူသည် ဘုရားရှိခိုးကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ မည်သည့်နည်းနှင့်မဆို ရွတ်ဆို၊ ရွတ်ဆို၊ ပူဇော်၊ ပူဇော် ဘုရားရှင်အား ပူဇော်သည့်စေတနာအာရုံရှိနေသမျှကာလ မည်သည့် အကုသိုလ်မျှ ဖြစ်ရန်အကြောင်းမရှိဟု ယုံကြည်ပါသည်။

 (ဤနေရာတွင် စာရှုသူများအနေဖြင့် စာဖတ်ခြင်းအား ခေတ္တမျှရပ်နား၍ သုံးသပ်ရန်ဖြစ်ပါသည်။)

ဘုရားရှိခိုးအား တေးပြု၍ သီဆိုပုံမှာလည်း သံနေသံထားဖြင့်သာ ဆိုင်ပါသည်။
ထိုအပိုင်းနှင့် ပတ်သက်ပြီး ကျွန်ုပ် ကိုကြီးမိုင်းသည် လယ်တီဆရာတော်ကြီး၏ တပည့်၊ အနာဂါမ်ဆရာသက်ကြီး၊ အနာဂါမ်ဆရာသက်ကြီး၏ တပည့် ဆရာကြီးဦးဘခင်၊ ဦးဘခင်၏ တပည့် ဆရာကြီး ဦးဂိုအင်ကာတည်ထောင်ထားသည့် ရန်ကုန်၊ ငါးထပ်ကြီးဘုရားရှိ ဓမ္မဇောတိ၊ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာ၌ တရားဝင်စဉ် အတွေ့အကြုံတစ်ခုကို ဥပမာဆောင်းလိုပါသည်။
နံနက်လေးနာရီမှ စတင်အလုပ်ခွင်ဝင်ပြီး ငါးနာရီအခါ၌ တရားဖြုတ်ရန် အချက်ပေးသည့်အနေဖြင့် ဆရာကြီး၏ ဇယျတု၊ သဗ္ဗမင်္ဂလာချီ မေတ္တာပို့ကို ကက်ဆက်ခွေဖြင့်ဖွင့်ပေးပါသည်။ ကြည်လင်သာယာသော နံနက်ခင်းအချိန်၊ တရားအားထုတ်ခြင်းမှ ဖြေလျော့စ၊ စိတ်ပိုင်းအဟာရပြည့်တင်းနေချိန်ဝယ် အိန္ဒိယသံဝဲသော ဆရာကြီး၏ အသံသည် ရိပ်သာ နံရံ၊ ခန်းဆီး၊ အာရံများတလျောက် ပျပျသော နေခြည်အလင်းမျှင်များနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးအား အေးမြသော မေတ္တာဓါတ်ဆွတ်ဖြန်းပြီး ကြည်လင်သာသာစွာ ပေါ်လာမြဲဖြစ်ပါသည်။
ထိုအသံသည် မြန်မာနိုင်ငံရှိ ဘုန်းကြီး၊ ရဟန်းများရွတ်ဖတ်နေကြ အသံနေ၊ အသံထားမျိုး လုံးဝမဟုတ်ပါ။  အသံ၏ သြဇာဓါတ်၊ ဂရုဏာဓါတ်၊ မေတ္တာဓါတ်ဖြင့်ထုံမွမ်းအပ်သော သာယာနာပျော်ဖွယ်ကောင်းသည့် ဓမ္မဂီတအဖြစ် တရားအားထုတ်သူ ယောဂီများ၏ စိတ်ကို ကြည်လင်ချမ်းမြေ့စေခြင်းသည် မိမိကိုယ်တွေ့ဖြစ်ပါသည်။ ထိုကဲ့သို့ မေတ္တာရင့်ကျူး၊ ဂုဏ်တော်မြူးသည့် အသံသည် ယခုအချိန်ထိ ကြားယောင်နေဆဲပင်ဖြစ်ပြီး ကြားယောင်သမျှ အေးငြိမ်းသောစိတ်၊ ရွမ်းစိုသော ပီတိဖြင့် ဆရာကြီး၏ မေတ္တာတော်အား ခံယူချင်နေတုန်းပင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်များသည် မြန်မာလူမျိုးတစ်ခုတည်းသာ မဟုတ်ပဲ ကမ္ဘာ့နိုင်ငံအသီးသီး (ဥပမာ၊ ထိုင်း၊ လာအို၊ တရုပ်၊ ကမ္ဗောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ) မှ အစ ဥရောပ၊ အမေရိကအထိ ရှိနေနိုင်ပါသည်။ ပါဠိသည် အသံသာရှိပြီး စင်စစ်အားဖြင့် အက္ခရာမရှိပါ။ ဆိုလိုသည်မှာ မြန်မာအက္ခရာ၊ အင်္ဂလိပ်အက္ခရာကဲ့သို့ ပါဠိအက္ခရာဟူ၍ သီးသန့်မရှိကြောင်းကို လူသိနည်းလှပါသည်။
ပါဠိ၏ အံ့ဖွယ်တစ်ခုမှာ ကြိုက်ရာဘာသာဖြင့် ရေးသားနိုင်ခြင်းဖြစ်ပြီး ပါဠိဘာသာဖြင့် အချင်းချင်း ပြောဆိုနိုင်ခြင်းဖြစ်ပါသည်။ ဥပမာ ဗုဒ္ဓံ၊ သရဏံ၊ ဂစ္ဆာမိဟူသော အသံကို မြန်မာဘာသာဖြင့်လည်းရေးလို့ ရနိုင်သလို အင်္ဂလိပ်ဘာသာဖြင့် (   ) အသံထွက်သည့်အတိုင်းရေးသားလည်း တူတူပင်ဖြစ်ပါသည်။
လန်ဒန် ပါဠိစာပေအသင်းတိုက်မှ (ရိုင်းစ်ဒေးဗစ်စ်- မြန်မာအခေါ် ရိုင်းဒေ၀ီ) တို့ ဇနီးမောင်နှံသည် ချမ်းမြေ့ဆရာတော်ကြီးနှင့် ဗုဒ္ဓဘာသာပြဿနာအမေးအဖြေပြုလုပ်ရာဝယ် ပါဠိလိုအပြန်အလှန်ပြောခဲ့ကြသည့်ထုံးရှိခဲ့ဖူးပါသည်။
ထိုနေရာတွင် ဌာန်းကရိုဏ်း အနေဖြင့်ကြည့်လျှင် မြန်မာဘုန်းတော်ကြီးရွတ်ဆိုသော အာစောက်၊ လျှာစောက်ပါဠိအသံထွက်သည် အင်္ဂလိပ်ရွတ်ဆိုသော အသံထွက်ဖြင့် မည်သို့မျှ မတူကြောင်းကို သဘောပေါက်သင့်ပါသည်။ တရုပ်နှင့်ကုလား၊ ကြားခံအင်္ဂလိပ်စကားဖြင့် ဆက်သွယ်ပုံကို လေ့လာကြည့်လျှင် အချင်းချင်းနားလည်သော်လည်း တစ်ဦးနှင့်တစ်ဦး၏ အသံထွက်၊ လေယူလေသိမ်းမမှန်ပုံကို ဥပမာထားနိုင်ပါသည်။
ထိုသာဓကများကို ကြည့်ခြင်းအားဖြင့် ကုသိုလ်ဖြစ်ခြင်း၊ မဖြစ်ခြင်းအမှု၌ ဌာန်းကရိုဏ်း၊ လေယူလေသိမ်းဖြင့် မည်သို့မျှ မသက်ဆိုင်ကြောင်းရှင်းလင်းလောက်ပြီဟု ထင်ပါသည်။

ဆက်လက်ပြီး( ကိုကကြီး) သည် ဗုဒ္ဓဘာသာဝင်များသည် ငယ်စဉ်မှ စ၊ ကြီးသည်အထိ ဘုရားရှိခိုးများကို ရွတ်ဆိုပူဇော်ကြသော်လည်း အနက်ကိုမျှ မသိသည့်အကြောင်း၊ ထိုအချက်သည် အနာဂါတ်သာသနာရေးအတွက် အလွန်ဝန်လေးဖွယ်ကောင်းကြောင်း၊ ပိုဒ်ဖြတ်၊သံဖြတ်....များတွင် စည်းဝါးဌာန်းကရိုဏ်မကျပါက ကုသိုလ်ရဖို့ နေနေသာသာ၊ ငရဲပင်ကျနိုင်ကြောင်း ရေးသားထားပါသည်။

ထိုအချက်ကိုလည်း ဆက်လက်ရှင်းလင်းပါဦးမည်။

အနက်အဓိပါယ်မသိပဲ ရွတ်ဆိုလျှင်အကျိုးရှိ၊ မရှိကို ရဟန်းသံဃာတော်များက ကိုကြီးမိုင်းထက် ပိုသိပါလိမ့်မည်။ သို့သော် ကိုကြီးမိုင်းအားကိုးသော ရဟန်းထဲမှ ရဟန်းတစ်ပါးသည် ထိုအပိုင်းကို ရှင်းလင်းထောက်ပြမည့်နေနေသာသာ ကွန့်မန့်ဖြင့်ပင် အားပေးချီးကျူးကြောင်းတွေ့ရသဖြင့် မိမိစိတ်ထဲ တုန်လှုပ်မိကြောင်း ဤနေရာမှ လျှောက်ကြားလိုပါသည်။

(အရှင်မြတ်ဘုရား.. ဘုရားတပည့်တော်သည် အရှင်ဘုရားတို့လောက် စာပေကျမ်းဂန်တတ်ပွန်ခြင်းမရှိသည်ကို အရင်ဝန်ခံပါရစေဘုရား..ဘုရားတပည့်တော်နားလည်ထားသမျှ သည်းခံကြားနာမည်ဆိုလျှင် သာသနာတည်မြဲရန်တာဝန်ကို ဗုဒ္ဓမြတ်စွာဘုရားက အရှင်ဘုရားတို့ ရဟန်းသံဃာတော်များကို သုံးရပ်သောသာသနာအားဖြင့် ယုံကြည်အပ်နှင်းခဲ့သည်ဟု သဘောပေါက်ထားပါသည်ဘုရား၊ သုတဗုဒ္ဓ ဟု ဘုရားနှင့်တဂိုဏ်းတည်းထား ချီးမြှောက်ခြင်းသည် စာပေပရိယတ္ထိ ကိုသင်ကြားပြသ၊ ပို့ချဆည်းပူးနေသော ရဟန်းများကို ဆိုလိုခြင်းမဟုတ်ပါလားဘုရား။ ကိုးကား။ သီတဂူဆရာတော်သြ၀ါဒ။  ယခု ကိုကကြီး မှ ဘာသာရေးနှင့်ပါတ်သက်ပြီး မိမိစိတ်ထဲရှိသည့်အတိုင်းရေးသားခြင်းကို ဆရာတော်များမှ ဆုံးမညွှန်ကြားရန် တာဝန်မရှိလေရော့သလား..ဘုရား)
ဟုမချိတင်ကဲလျှောက်ကြားလိုပါတော့သည်။

သာသနာတည်မြဲရေးနှင့် အနာဂါတ်သာသနာရေးသည် စင်စစ်အားဖြင့် သာ့သနာ့ဝန်ထမ်းရဟန်းတော်များ၏ တာဝန်သာဖြစ်ကြောင်းပြတ်သားစွာ ပြောလိုပါသည်။
ဗုဒ္ဓဘာသာဝင်များ၏ ရွတ်ဖတ်မှု၊ အနက်နားမလည်မှုသည် သာသနာပြုခြင်းနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိပါ။
အကျယ်ရှင်းရလျှင်
သာသနာဟူသည် ပါဠိဘာသာစကားဖြစ်ပြီး အဆုံးအမဟုအဓိပါယ်ရပါသည်။ တိတိကျကျဆိုရလျှင် ဘုရားရှင်၏အဆုံးအမဖြစ်သည်။  သာသနာတော်သုံးရပ်မှာ
ပရိယတ္တိသာသနာ = စာပေကျမ်းဂန်သင်ကြားမှု၊ ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များကို သင်အံ့ကျက်မှတ်ပို့ချသည့်လုပ်ငန်း။
ပဋိပတ္တိသာသနာ = ကမ္မဋ္ဌာန်းဘာဝနာ၊ ဘုရားရှင်ဟောကြားတော်မူသော တရားတော်များအတိုင်း ကျင့်ကြံကျိုးကုတ်အားထုတ်သောလုပ်ငန်း။
ပဋိဝေဒသာသနာ = မဂ်ဖိုလ်၊ နိဗ္ဗာန်ရကြောင်း တရားကို သိမှု၊ ရမှုသဘော
ဟူ၍ ဖြစ်ပါသည်။

ထို့ကြောင့်အနာဂါတ်သာသနာရေး အတွက် ကြောင့်ကြရန်မှာ ထိုတာဝန်သုံးရပ်ကို ကျေပွန်စေဖို့ ဆရာ၊ ဒကာ လက်တွဲညီညီထမ်းရန်သာဖြစ်ပါသည်။
ဆက်လက်ပြီး နားမလည်ပဲ ရွတ်ဆိုလျှင်အကျိုးရှိမရှိ ဆိုသော အပိုင်းကို ဆက်လက်ရှင်းပါဦးမည်။
သာဓကပြစရာ ဥပမာများစွာ ရှိသည့်အနက် အချို့ကိုသာ ရွေးပြောပါမည်။
ရှေ့ပိုင်းတွင် ပြောခဲ့သလို ကာယကံ၊ ၀စီကံ၊ မနောကံအမှု၌ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တို့အားပူဇော်သော ဓမ္မကထာများကို ရွတ်ဆိုနေချိန်ဝယ် အကြင်သူ၏ စိတ်တွင် ဘုရားရှင်အားကြည်ညိုသောစိတ်ဖြင့် တည်ကြည်အံ့။ ထိုသူသည် အကုသိုလ်ဖြစ်စရာအကြောင်းလုံးဝမရှိ၊ ကုသိုလ်စိတ်သာ ဖြစ်ဖိှု့ရှိခြင်းလည်း တစ်ချက်။ (အဘိဓမ္မာအလိုအားဖြင့်)
ဘုရားရှင်၏ တရားတော်ကို နားမလည်သော်လည်း အသံတော်၏ သာယာခြင်းကို ကြည်ညိုသော ဖားသူငယ်သည် နွားကျောင်းသား၏ နှင်တံထောက်မိခြင်းကြောင့် သေဆုံးပြီး နတ်ပြည်တွင် ဖားနတ်သားဖြစ်ရခြင်းသည်လည်း တစ်ချက်။
ဘုရားရှင်၏ တရားတော်ကို နားမလည်သော်လည်း အသံတော်၏ သာယာခြင်းကို ကြည်ညိုသော လင်းနို့သားငါးရာသေလွန်ပြီးသကာလ နတ်ပြည်တွင် အတူတကွဖြစ်ရခြင်းသည်လည်းတစ်ချက်။
တောင်တန်းသာသနာပြုဆရာတော်ကြီး၏ ပရိတ်တော်ကို ကက်ဆက်ဖြင့် နာယူစဉ် ပရိတ်၏ အာနုဘော်ကြောင့် ပရိတ်ရေများပွက်ပွက်ဆူအောင် အာနုဘော်ပြသော်လည်း အသံထုတ်ပေးသာ ကက်ဆက်၏ ပယောဂနှင့် လားလားမျှ မဆိုင်သော ဥပမာသည်လည်းတစ်ချက်။
မိမိကိုယ်တိုင်နားမလည်သော်လည်း နားလည်သည့် မြင်အပ်၊ မမြင်အပ်ပုဂ္ဂိုလ်တို့၏ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်နိုင်ခြင်းသည်လည်းတချက်။
ရွတ်ဆိုနေသူကိုယ်တိုင် (သြော်..ငါသည် တရားဒေသနာတော်ကို ကောင်းမွန်သော ၀စီကံအားဖြင့် ပွားများနေချေတကား) ဟု နှလုံးသွင်းပြီး ကောင်းမှုကုသိုလ်ကို အမျှဝေနိုင်ခြင်းသည်လည်းတချက်။
ထိုအချက်များကို ထောက်ရှုခြင်းအားဖြင့် အနက်အဓိပါယ်မသိသော်ငြား (သိခဲ့လျှင် သာ၍၊ သာ၍ကောင်းဖို့သာရှိသည်) ရွတ်ဆိုလျှင် ငရဲကျဖို့နေနေသာသာ ဓမ္မသာဝနကုသိုလ်ဖြစ်ပြီး ကုသိုလ်ရဖို့ အကြောင်းသာ ရှိတော့သည်ဟု ရဲရဲကြီးဆိုဝံ့တော့သတည်း။
အကယ်၍များ ကိုကကြီး ရေးသားထားသည့်အတိုင်း ယုံကြည်လက်ခံသူ ဗုဒ္ဓဘာသာဝင်များသည် ရွတ်ဖတ်မြဲဓမ္မတာကို မရွတ်ဆိုတော့လျှင်လည်းကောင်း၊
အနက်မျှမသိပဲ ရွတ်ဆိုလျှင် ဆိုးကျိုးသာရမည်ဟု ယူဆသွားလျှင်သော်လည်းကောင်း၊
ဋ္ဌာန်ကရိုဏ်းကျအောင်မရွတ်ဆိုနိုင်ခြင်းသည် ဘုရားရှိခိုးရန်၊ ရွတ်ဖတ်ရန် မသင့်တော်ဟု လက်ခံသွားလျှင်လည်းကောင်း၊
လုပ်မြဲ၊ လုပ်ဆဲ၊ လုပ်လတ္တံသော ၀စီကံဖြင့် ဆောင်ရွက်ရသည့် ဓမ္မသာဝန ကုသိုလ်တော်မြတ်ကြီးနှင့် အလွဲကြီးလွဲ၊ ကိုယ်ကျိုးနည်းတောမည်ကို မြင်သည်ကလည်းတစ်ချက်၊ တားမြစ်ပိတ်ပင်မိသည့် သူကိုယ်တိုင်(သူတပါး) ပြုလုပ်မည့်ကုသိုလ်ကို တားမြစ်သလိုဖြစ်ပြီး ဓမ္မန္တရယ်ဖြစ်မည့်ဘေးကို ပူပန်မိသည်ကတစ်ကြောင်း (ကိုးကား။  ။မဂ်တား၊ ဖိုလ်တား အန္တရယ်များ-အရှင်ဇ၀န) တို့ကြောင့် နံနက်သုံးနာရီမှ ငါးနာရီကျော်အထိ ဤစာစုကို လုံ့လပြုစီရင်ရေးသားလိုက်ရပေသတည်း။

ကိုကြီးမိုင်းသည် ပထမဆုံးးအကြိမ်ဘာသာရေးဆောင်းပါးအား ရေးသားခြင်းဖြစ်သောကြေင့် အမှားအယွင်းများပါခဲ့သော ရဟန်းပညာရှိ၊ လူပညာရှိများက ဆုံးမသွန်သင်ပါရန် အပ်နှင်းပန်ကြားအပ်ပါသည်။

ဧရာဝတီသားလေး

0 comments:

Post a Comment