ချစ်မိုးဆွေ ဆိုတာ ရိုးတယ် ( လူမလစ်ရင် ဘာမှ မလုပ်ဖူး ) ၊ နောက်ပြီးတော့ အတယ် ဗျ ။ ဒီသီတင်းကျွတ်ရင်တော့ ငါကျွတ်ရမယ် ဆိုပြီး မိန်းမ ခိုးဖို့ လူဆိုးတွေနဲ့ တိုင်ပင်ရတော့တာပေါ့ဗျာ .. ။အစကနေ ပြန်ပြောပြမယ်ဗျာ .. ။
ပထမဦးဆုံး ကျွန်တော်တို့ ရဲ့ အမျိုးသားရေးရာ ဥက္ကဌကြီး ဦးရွှေဘရဲ့ ခွင့်ပြုမိန့် ယူရတယ်ဗျ… ။ သူက ကျွန်တော် လူပျိုစစ်မစစ် စမ်းတယ်ဗျ .. ၊ အဟိ ဘယ်လို စမ်းလဲ ဆိုတာတော့ ပြောတော့ဘူးနော် .. ရှက်လို့ ။
လူပျို ဆိုတာ သေချာတော့ ခွင့်ပြုမိန့် ပေးတယ်။ ဘယ်သူ့ကို ခိုးမှာလည်း တဲ့။ ကျွန်တော်လည်း ထိန်ချန်ထားလို့ မဖြစ်တော့ဘူး ပေါ့ဗျာ။ နောက်တော့ မမကြယ်စင်ဖြူကို ခိုး မယ်ဆိုတာ ကျွန်တော် ဖွင့်ပြောလိုက်တော့တယ်။
ဦးရွှေဘက တော့မေးပါတယ်.. ။ အခြေအနေက ကောင်းရဲ့လား ၊ သေချာရဲ့လား ပေါ့ဗျာ ။
“ ချစ်မိုးဆွေ .. မင်း မမကြယ်စင်ဖြူကို ခိုးတာကတော့ ဟုတ်ပါပြီ။ အခြေအနေက မင်းဘက် ပါရဲ့လား .. ”
“ သုံး ပုံ နှစ်ပုံ လောက် တော့ ပါတယ်ဗျ .. ”
“ ဟာ.. ပိုင်လှချည်လား ဘယ်လိုများ လှုပ်ရှားလိုက်တာလည်း ၊ ဘယ်လို သုံးပုံ နှစ်ပုံ လောက် ပါတာလည်း ရှင်းစမ်းပါဦး ”
“ နံပါတ် တစ် ကျွန်တော့် ဘက်ကလည်း သေချာတယ်ဗျာ ”
“ အင်း နောက်ပြီး ဆက်ပြော ”
“ နံပါတ် နှစ် .. အောင်သွယ်ကလည်း အာမခံ တယ်ဗျာ ”
“ အော် .. အော်.. သူ့ ဖက်ကတော့ ဘယ်လိုရှိလည်း ”
“ သူကတော့ ကျွန်တော် ချစ်နေတာ သိတောင် မသိသေးဘူးဗျ ”
“ အွန် .. ”
ဦးရွှေဘကြီး စဉ်းစားရကြပ်သွားပုံပဲဗျ။ ဒါပေမဲ့ ခွင့်ပြုမိန့်က ပေးပြီးသားဆိုတော့ သူလည်း မတတ်နိုင်တော့ဘူးလေ..။
“ အေးလေ .. မင်းသဘောပဲ .. ငါလည်း ကိုယ်ချင်းစာပါတယ် ၊ မင်းကို မတားရက်ပါဘူး ”
ခွင်ပြုမိန့် ရပြီဆိုတော့ သူငယ်ချင်းတွေနဲ့ အသေးစိတ် တိုင်ပင်တယ်။
ပထမဦးဆုံး ကိုတံတိုင်းမွှေး ကပြောတယ်။ သူတို့ ကဗျာ အဖွဲ့ တံတိုင်းကနေ ၀င်ခဲ့တဲ့။ ကဗျာ အဖွဲ့ က အစောင့် ဂိတ် မထားဘူးထဲ။ အဲဒီ အပေါက်ကနေ ဆိုက်ထဲဝင်ခဲ့တဲ့ ။
ကိုသူရသ၀ါကလည်း အကြံပေးတယ် .. ။ အဲဒီက အဆင်မပြေရင် ဖိုရမ် ဂိတ်ကနေလည်း ၀င်လို့ ရတယ် .။ အဲဒီမှာလည်း အစောင့်မရှိဘူးတဲ့ ။ သူငယ်ချင်းတွေကို ကျေးဇူးတင်လိုက်တာဗျာ..။ နောက်ထပ် ရှိသေးတယ်.. ကူညီကြတဲ့သူတွေပေါ့ ။
ကိုနေထွန်း လှိုင် (ပုသိမ်) က တော့ အစအဆုံး အဆင်ပြေဖို့ လက်ဖွဲ့ တစ်ခု ပေးလိုက်တယ်။ ကျွန်တော့် ကံဇာတာက အတော်လေး နိမ့်နေလို့ သာမန် လက်ဖွဲ့ မရဘူး ဆိုပြီး နို့ဆီခွက် နှစ်လုံးကို ကြိုးနဲ့ တွဲချည်ပေးလိုက်တယ်။ အဲဒါ မျက်နှာ ပွင့်လန်းတယ် တဲ့။ သွားလေရာ ခရီးမှာ အိပ်ထောင်ကို ချိတ်ထားရင် မြင်တဲ့သူတိုင်း မင်းကိုပြုံးပြစေရမယ်တဲ့။
ဒါနဲ့ ကျွန်တော်လည်း ချက်ချင်းပဲ လက်ဖွဲ့ကို အိပ်ထောင်မှာ ချိတ်ပြီး ထွက်လာခဲ့တယ်။ လမ်းမှာ အက်မင် ၀ိုင်လေး နဲ့ တွေ့တယ် .. ။ ၀ိုင်လေးက ကျွန်တော့် မြင်မြင်ချင်း ပြုံးစိစိ လုပ်နေတယ်။ ဟားးးးး .. တယ် စွမ်းတဲ့ လက်ဖွဲ့ပါလား ပေါ့ ။ ဒါနဲ့ လက်ဖွဲ့ကို လက်နဲ့ ပုတ်ပြီး သတိ ပေးရသေးတယ် … ။ “ မလုပ်နဲ့ ဗျ .. ဒါ ငါ့ ညီမလေး “ ၀ိုင် ” ရယ် ဟ ” ဆိုပြီး ပြောထားရတယ်။
အက်မင် ကိုသန်းဇော်ကလည်း လေးဂွ နဲ့ လောက်စာလုံး တွေ ထည့်ထားတဲ့ သူ့လွယ်အိတ်ကို ပေးလိုက်တယ်။ ဘာလုပ်ဖို့လည်း ဆိုတော့ … ယောက်ဖ လောင်း တွေ လိုက်လာရင် လှမ်းပစ်ရအောင်လို့တဲ့ ။
အက်မင် ကိုခိုင် ကလည်း မယ်ဒလင် တစ်လက် လက်ဆောင်ပေးလိုက်တယ် ဘာလုပ်ဖို့လည်း ဆိုတော့ .. မမဖြူ စိတ်ကောက်ရင် ချော့ဖို့တဲ့ ။
အထူးမမ်ဘာ ကိုမင်းပိုင်စိုး ကလည်း ဓားမြှောင် တစ်ချောင်း ပေးလိုက်တယ်။ ယောက်ဖတွေ နဲ့ သူသေ ကိုယ်သေ ချရင် ခုခံရအောင် တဲ့။
နောက်ဆုံး ဆေး ဆရာလေး ကိုလမင်းမောင် (ပုသိမ်) ကတော့ ရဲဆေး ဆိုပြီး အရက်ပုလင်း တစ်လုံး လက်ဆောင်ပေးလိုက်တယ်။ သူတို့ ပေးတာတွေကလည်း တစ်ကယ့်လိုအပ်ချက်တွေ ပဲ ဆိုပြီး ကျွန်တော်လည်း တစ်ပါတည်း ယူဆောင်ပြီး ညကိုးနာရီလောက်မှာ ဖူးစာဆိုက် နား ချဉ်းကပ်လာတယ်။
ဖူးစာ မြို့တော်ကို ကိုဖြိုးက မီးပုံးပျံကြီး နဲ့ လှည့်ပတ် ကြည့်နေတုံးဗျ။ ဒါနဲ့ ကျွန်တော်လည်း မှောင်ရိပ်တစ်ခုမှာ ခိုရင်း ကိုဖြိုး အလစ်ကို ချောင်းနေရတယ်။ ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ ဗျို့ ။ နေရာ တော်တော် များများ မှာ အစောင့်တွေ ချထားလိုက်တာ ချက်ဘောက် မှာတောင် မချန်ဘူး။
လှည့်ပြန်ရ ကောင်းမလား စဉ်းစားသေးတယ် ။ ဒါပေမဲ့ မရဘူး ။ မမဖြူရဲ့ မျက်နှာလေး ကိုမြင်ပြီး ကျွန်တော် အားတွေ ပြန်တက်လာတယ်။ ကြောက်စိတ်ကတော့ သိပ်မပြေသေးဘူးပေါ့ဗျာ ။ ကြောက်စိတ်ပြေအောင် ဆိုပြီး ကိုလမင်းမောင် ပေးလိုက်တဲ့ ရဲဆေးကို စတင် အသုံးချတယ်။
“ အား. … ဖူးးး … ပူလိုက်တာ .. လည်ချောင်းထဲ ”
မြည်းစရာ လည်း ဘာမှ ထည့်မပေးလိုက်ဖူး .. ။ သုံးခါလောက် ခွဲပြီး မော့လိုက်တော့ ကုန်ရော … ။ ဟုတ်တော့ ဟုတ်တယ်ဗျ … ။ ကြောက်စိတ်တော့ နည်းနည်း ပြေသွားတယ်။ စတော့မယ်.. ဖူးစာဆိုက်ထဲက မမကြယ်စင်ဖြူ အိမ်ကို စတင်ချဉ်းကပ်တော့မယ် .. ။ အပေါ်မှာ မီးပုံးပျံများ ၀ဲနေလားလို့ မော့ကြည့်လိုက်တယ် .. ။ မရှိဘူး။ ကောင်းကင်ကြီးက ငြိမ်သက် တိတ်ဆိတ်လို့ .. ။ ကြယ်ကလေးတွေက လင်းလိုက် မှိတ်လိုက် မှုန်လိုက် ၀ါးလိုက်နဲ့ ။ ခဏကြာတော့ ကြယ်လေးတွေက တဖြုတ်ဖြုတ်နဲ့ ကျွန်တော့် ဘေးမှာ ကြွေကျလာသလိုပဲ။ လက်ဝါးဖြန့်ခံပြီး ဖမ်းကြည့်တယ် မရဘူး။ ခဏကြာတော့ ဘေးက သစ်ပင်တွေက ကျွန်တော့ ကို ပတ်ခြာလည်ပြီး ပြေးနေတယ်။
“ ဟာ ငါ့ကို တစ္ဆေများ ခြောက်နေတာလား ။ မကြောက်ရေးချ မကြောက်ကွ ။ ချစ်မိုးဆွေကို ဒါညိုး လာချမ်းလို့ မရ၀ူးးး .. ။ ဘယ်တောင် မိုက်ရို့ရဲ .. အေ့ .. ထွက်ခဲ့ .. အေ့ဂ် .. ”
စကားကို အတတ်နိုင်ဆုံး ပီအောင်ပြောကြည့်တယ် မရတော့ဘူး။ လျှာကလည်း လေးလာတယ်။ သစ်ပင်တွေကလည်း လှည့်ပတ်ပြေးနေတာ တ၀ှီး ၀ှီးနဲ့ ပဲ.. ။ သူတို့ လိုက်ကြည့်နေရင်း ဒူးတွေလည်း မခိုင်တော့ဘူး … ။ လိုက်လို့လည်း မမီဘူး … ။ မမကြယ်စင်ဖြူ အိမ်ရှိရာလောက်ကို မှန်းပြီး မနည်းလျှောက်လာ ခဲ့ရတယ်။ အိမ်တစ်အိမ် တော့ တွေ့ပြီ .. ။ မမကြယ်စင်ဖြူအိမ် ထင်တာပဲ .. ဗျာ.. ။
“ မမဖြူရေ .. လာခဲ့ပါတော့ ဗျာ .. မမကြယ်စင်ဖြူ ..မမဖြူ .. မမဖြူ .... . မ.. . မ . ”
ခဏကြာတော့ ကျွန်တော် လောကကြီးနဲ့ ခေတ္တ အဆက်ပြတ်သွားတယ်ဗျ.. ။
သတိရလာလို့ ကြည့်လိုက်တော့ ကျွန်တော် ဘေးမှာ ခြေထောက်တွေ အများကြီး တွေ့လိုက် ရတယ် .. ။ ရူးဖိနပ်တွေ ဘောင်းဘီ ရှည်တွေနဲ့ .. ကျောပေါ်မှာလည်း သေနတ်တွေနဲ့ .. ၊ ဟာ .. ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေ ပါလား .. ။ ဒုက္ခပဲ .. အကုန်ကျွန်တော့် ကို ၀ိုင်းထားကြတယ်ဗျ .. ။ တစ်ယောက် တစ်ပေါက် ထင်ရာ ပြောနေကြသေးတယ်။
“ အရူးတစ်ယောက်နဲ့ တူပါတယ်ကွာ ထားလိုက်ပါ .. သူ့ဟာသူ သွားပါစေ ”
“ မယ်ဒလင်လဲ ပါတော့ သူတောင်းစားနဲ့ တူပါတယ် ကွာ သနားပါတယ် နေပါစေ ”
“ ဟုတ်ဘူးကွ ဖူးစာ ဆိုက်က အထူးဘလော့ဂါ ချစ်မိုးဆွေ နဲ့တော့ တူတာပဲ ”
ကျွန်တော်လည်း မူးတာတွေ ကို ဘယ်ပျောက် သွားမှန်း မသိတော့ဘူး။ မဖြစ်ဘူး အခြေအနေက မကောင်းတော့ဘူး။ ဒီတိုင်း ရင်ဆိုင်လို့ကတော့ မရတော့ဘူး။ ခေတ်မကောင်းမှတော့ ရူးချင်ဟန် ဆောင်ရတော့မှာပဲ… ။
“ ၀ါးးးးးး … ”
မသန်းချင် ပဲနဲ့ လက်နှစ်ဖက် ဆန့်ပြီး သန်းချင်ဟန် ဆောင်လိုက်တယ် .. ရဲနှစ်ယောက် လန့်ပြီး နောက်ဆုတ်သွားတယ်ဗျ .. ။ ဟုတ်ပြီ .. ပြေးလမ်းတော့ ပွင့်သွားပြီ .. ။ နောက်တော့ လွယ်အိတ်ထဲက လောက်လေးဂွကို ထုတ်ပြီး ရဲတစ်ယောက်ကို ပေးလိုက်တယ်။ ရော .. ။ နောက် ဓါးမြှောင် ကိုလည်း ရိုရိုသေသေ ပေးလိုက်တယ်။ ဒါလေးလည်း ခဏ သိမ်းထားပေးပါဗျာ .. ။ နောက် မယ်ဒလင်ကို လည်း သူတို့ ပေးလိုက်တယ်။ အိပ်ထောင်မှာ ချိတ်ထားတဲ့ လက်ဖွဲ့ ရော လွယ်ထားတဲ့ လွယ်အိတ် ပါမကျန် အကုန်ပေးပစ်လိုက်တယ်။
နောက် တော့ ပုဆိုးကို တိုတို ပြင်ဝတ်လိုက်တယ် ။ ပြီးပြီ ဆိုရင်ပဲ မီတာ၁၀၀ ပြိုင်ပွဲ တာထွက် သလို ရဲတွေ ၀ိုင်းထားတဲ့ ကြားက လှစ်ကနဲ့ ထွက်ပြေးခဲ့တယ်ဗျို့ .. ။ ရဲတွေက မင်တက်မိပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတာ ။ အတော်ကြာမှ …
“ ဟာ .. အရူးမဟုတ်ဘူး .. အဲဒါ ချစ်မိုးဆွေရယ် .. လိုက် .. လိုက် .. လိုက်ကြ .. ”
ကျွန်တော်လည်း ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးရတော့တာပဲဗျာ .. ။ တဖြည်းဖြည်း ရဲတွေလည်း နောက်ကျန်ခဲ့တယ် ။ ဇွဲ ကောင်းတဲ့ ရဲကြီးတစ်ယောက်ပဲ ဆက်လိုက်လာတယ် ဗျ .. ။ကျွန်တော်လည်း မောလှပြီ .. ။ လိုက်လာတဲ့ ရဲကြီးလည်း ယိုင်နေပြီ .. ။ ရဲကြီးကလည်း မိတော့မှာမို့ အားမလျှော့ဘူးဗျ .. ။ နောက်တော့ အဲဒီရဲကြီး ကန်သင်းရိုး ကို မမြင်ပဲ ခလုတ်တိုက်ပြီး လဲကျသွားတယ် .. ။ သူ ပြန်မထ နိုင်တော့ဘူး .. ။ ဟီဟိ .. ၊ ဟန်ကျလိုက်တာ .. ။ ကျွန်တော် တစ်ယောက်ထဲ အေးအေး ဆေးဆေး ပြေးလို့ ရပြီလေ .. ။ ရဲကြီးက အတင်း အော်ပြီး တားတယ် ..။
“ ကို ချစ် မိုး ဆွေ .. မ ပြေး နဲ့ … ခင် … ဗျား …. ကို … မဖမ်းဘူး … ကျုပ်က စခန်းကို ရ အောင် ညှိပေးမယ် .. မပြေးနဲ့ … ”
ဒါနဲ့ ကျွန်တော်လည်း ပြန်အော်ပြောတယ် .. ။
“ ဖမ်း မှာ ကြောက်လို့ ပြေးတာ မဟုတ်ဘူးဗျို့ .. ညှိမှာ ကြောက်လို့ ပြေးတာဗျ … ”
အဲလို အော်ပြောရင်း ကျွန်တော်လည်း သုတ်ခြေတင် ပြေးခဲ့တော့တယ်။ ဟုတ်တယ်လေ .. ညှိ လိုက်ရင်တော့ ချစ်မိုးဆွေ မှာရှိတဲ့ ငွေလေးတွေ အကုန်ပြောင်တော့မယ်ဗျ .. ။ ချစ်မိုးဆွေတော့ လစ်ပီ ဗျို့ …. .။
0 comments:
Post a Comment