မှန်ထဲမှာ မြင်နေရတဲ့ ပုံရိပ်ကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။
မှန်ထဲက မြင်နေရသူ နဲ့ အပြင်ကသူတစ်ယောက်ထဲဆိုတာ ဟုတ်ရဲ့လား ။
ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့တယ် ။
လွမ်းမောခြင်းကို သက်သေတည်စေတဲ့ အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့
မျက်ဝန်းတစ်စုံက မှိတ်ချလိုက်တဲ့ အချိန်မှာ တော့ ဘာကြောင့်မှန်းမသိတဲ့
မျက်ရည်စက်တွေက ပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာကြပါတော့သည်။
လွန်ခဲ့သော 6လလောက်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင်
ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးတယ်။ လူတကာရဲ့
ဝလိုက်တာနော် ဆိုတဲ့စကားသံတွေကို မကြားချင်ဘဲ ခဏခဏ ကြားခဲ့ရတယ် ။ လှလှပပ
အ၀တ်စားလေးတွေ တွေ့တိုင်း ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရတယ် ။
သိပ်ချစ်ပါတယ်လို့ ပြောခဲ့တဲ့ ခင်ပွန်းသည်ရဲ့ဆိုက်ကယ် နောက်တော်ပါးမှာ
လိုက်ခွင့်မရခဲ့တာ ကြာခဲ့ရပါပြီ ။ သိပ်ချစ်လို့ လက်ထပ်ခဲ့ကြတယ် ။
အိမ်ထောင်ကြပြီး 3လအကြာဘဲ မထင်မှတ်လောက်အောင် ၀လာလိုက်တာ 195ပေါင်တိတိ
ဖြစ်လာတဲ့ ကိုယ့် ခန္ဓာကိုယ် ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင်
စိတ်ပျက်စေခဲ့ပါတယ် ။ လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ
ပိန်ချင်တာမျိုးတော့ မရှိခဲ့ပါဘူး ။ ယောကျာင်္းအပြင်သွားလို့ မခေါ်တိုင်းလဲ
သူပေးတတ်တဲ့ အကြောင်းပြချက်တွေကို လက်ခံ ယုံကြည်နေမိတယ် ။
ဒီလိုနဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး ၀တုတ်မကြီး ဘ၀ကို
ရောက်မှန်းမသိကို ရောက်လာခဲ့ရပါတော့သည်။
အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှုနိုင်နင်းခြင်း ၊
သန့်ရှင်းသပ်ရပ် စမတ်ကျခြင်းဆိုတဲ့ အချက်တွေက ယောကျာင်္းတစ်ယောက်ကို
ကောင်းကောင်းကြိုးကိုင်နိုင်တယ်ဆိုတာတွေကိုလည်း သတိမမူမိခဲ့ပါဘူး ။
စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ
ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့က
သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင်
အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို မကြာခဏထွက်ရတဲ့ မောင်။ မောင်
နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့်
အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း
မတွေးခဲ့မိပါဘူး ။
တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ လင်မယားနှစ်ယောက်လုံး ရန်ကုန်ကို
လိုက်လာခဲ့ကြဧ။် ။ ရန်ကုန်ရောက်တော့ ညနေစောင်းချိန်ကိုရောက်နေပါပြီ။
ကျွန်မတို့ နေတာက တရုတ်တန်းနားမှာနေတာမို့ ညဆို အရမ်းစည်ပါတယ် ။ ရေချိုး
အ၀တ်စားလဲပြီးတော့
*မိန်းမရေ မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*
*ကျွန်မလဲ လိုက်ချင်တယ် မောင်*
*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *
ပြောလဲပြော သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့
ကျန်နေမြဲပေါ့လေ ။ မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင်
သက်ပြင်းတွေကိုတာ အခါခါ ချမိလိုက်ပါတော့သည်။
*အောင်မလေးနော်
..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ
မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက
အချိုးမပြေဘူး *
ရုတ်တရက်နောက်က ပေါ်လာတဲ့ မေမေ အသံကိုကြားလိုက်ရတော့မှ သတိဝင်လာပြီး မေမေကို နှစ်သိမ့် ပြုံးပြလိုက်မိပါသည်။
* ပြုံးနေနိုင်သေးတယ်နော်
။ သမီးရယ် ငါသမီးလေး အိမ်ထောင်ကျထဲက အရင်ပုံစံလေးကို ပြန်တောင် အစကောက်
လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း ကိုလည်း မျက်စိထဲ တော်တော်လေးကို
ထောက်မတွေ့တော့ဘူးကွယ် ။ မိဘတွေရှေ့တောင် ဒီလိုဆက်ဆံနေတာ အမေရင်ထဲ မချိဘူး
။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့ စိတ်နည်းနည်းလေးတောင်
မရှိဘူးလားကွယ် *
*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်းလေ*
*ခက်ပါတယ်အေ ။
ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ်လေ ။ မလှရင်တောင်
သေသေသပ်သပ်လေး ရှိစေချင်ကြတယ်အေ့ ။ ငါတော့ ရင်မောပါတယ် *
မေမေက ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားပါသည်။ မေမေတို့လည်း
ကျွန်မအတွက် တော်တော်လေး စိတ်ဆင်းရဲနေကြရတယ်။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း
ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့
ဝမြဲဝနေတော့တာပါပဲ ။
**********************************
ဝနေတဲ့ ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့မိပါဘူး။ ဒီလိုနဲ့
အေးစက်စက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို
အက်ကြောင်းထင်စေခဲ့တဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိလာစေခဲ့ပါတော့သည် ။
ညကအေးစက်သော လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့်
ကျွန်မရင်ထဲထိရောက်အောင်တော့ အေးမြခြင်းတွေကို မပေးစွမ်းနိုင်ပါဘူး ။
ခုချိန်ထိ မောင်ပြန်မလာသေးပါလား ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု
မဖြစ်မနေ ထားသင့်တယ် မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ
များလာတော့ ကျွန်မရင်ထဲ တိတ်တဆိတ်မျှော်လင့်မိတဲ့ ဆန္ဒလေးတစ်ခုက ပိုမိုလို့
ပြည့်ချင်စိတ်တွေ အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို
အမြဲနားလည်ပေးခဲ့တယ် ။ မောင် ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိဝေးနေတဲ့
နေရာလေးတစ်ခုမှာ ကျွန်မနေပေးခဲ့ပါတယ် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင်
မောင်သတိမရခဲ့ဘူးမလားဟင်။ ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ
ဖြစ်တော့မယ် ။
အတွေးတွေနဲ့ လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက
ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက
မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့
တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။
အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ပြီးတာနဲ့ အိပ်ယာပေါ်လဲချလိုကတဲ့
မောင်ကို ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်မိပါတယ် ။
*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*
*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*
*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*
*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့
အချိန်ပေး နားထောင်စေချင်လို့ပါ *
*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*
*ကျွန်မကို
မောင်ဥပက္ခပြုတာတွေ အရမ်းများလာပြီမောင် ။ ကျွန်မသည်းခံခဲ့ပါတယ် ။ ခုတော့
ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ
ပြောကုန်ကြပြီမောင် *
*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*
*သူတို့ပြောတာ
မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင်
ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ်
ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး
အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။
ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့
လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင်
*
* ဟားဟ !
ဟုတ်ပါတယ်ကွာ ။ သာတာတွေ ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ
မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုပုံကို
ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ
ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *
ကျွန်မပြန်ပြောဖို့ စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့တယ် ။ ပြောထွက်တဲ့
မောင်နှုတ်ဖျားကစကားသံတွေ ၊ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး
မှုမျက်လုံးတွေ က ကျွန်မရင်ထဲက ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ
ဖော်ထုတ်လိုက်ကြပါပြီ။ မောင်ကို ချစ်နဲ့ ချစ်ခြင်းတွေက ကျွန်မ မာနတွေနဲ့
ပြိုင်ဆိုင်လိုကတဲ့ အချိန်မှာ နောက်ကျ ကျန်နေခဲ့ပါပြီ ။ မောင်ကတော့
ပြောချင်တာတွေကို စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့
ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင် မောင်ကိုယ်တိုင်တာ
အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က
နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပေမယ့် ကျွန်မမှာတော့
တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။
မိုးလင်းခံနီးအချိန်မှာတော့ ကျွန်မဆီမှာ တိကျသေချာတဲ့
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်နိုင်ပါပြီ။ ဆုံးဖြတ်ချက်နဲ့အတူ
မောင်နဲ့ အဝေးဆုံးကို ကျွန်မ ထွက်ခွာလာခဲ့ပါတော့သည်။
*******************************************
အားလုံးကို ရှောင်နေခဲ့တာ ခုဆို 6လ တင်းတင်း ပြည့်ခဲ့ပြီမို့ အိမ်ကို ပြန်ဖို့ အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာလေးတွေကို
လည်း ဖြစ်ခွင့်ရခဲ့လေပြီ ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေတို့ဆီဘဲ တန်းတန်းမတ်မတ် ပြန်လာခဲ့မိပါသည် ။ အိမ်ထဲကို
ဝင်လိုက်တယ်ဆိုဘဲ
* အမ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ *
ဆိုတဲ့ ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရပါတယ် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ
ပျော်ဝင်စီးမျောသွားပါတော့သည်။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ
မောင်ကို ထားရစ် ခဲ့တဲ့ 6လအတော်တွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့ပါတယ် ။
အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင်
135ပေါင်တာရှိပါတော့တယ် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ အားလုံးလည်း
ဝတ်လို့ရခဲ့ပါပြီ။
* ဟဲ့ ။ ဝေေ၀ မမလေ။ မမှိတ်ဘူးလား *
ဒီတော့မှ ပြူးကြောင်ကြောင် ကြည့်နေတဲ့ ညီမက မှတ်မိ သွားပါတော့သည် ။
မေမေဆို ၀မ်းသာလွန်းလို့ ငိုတဲ့အထိပါဘဲ ။ အားလုံးနဲ့ ပြောဆိုပြီးချိန်မှာ
မေမေက စကားစလာပါတော့သည် ။
*
သမီး ရှေ့ဆက်ဖို့ ဘယ်လို ဆုံးဖြတ်ထားလဲ ။ သမီးယောကျာင်္းကတော့
သမီးထွက်သွားတဲ့ အတွက်လည်း ခံစားရပုံ သိပ်မပေါ်ပါဘူး ။ တာဝန်ကျေတော့
လာမေးတယ်လေ။ မေမေတို့လည်း သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိတော့
အရမ်းစိတ်ပူနေတဲ့အချိန်ဆိုတော့ သူကို ကောင်းကောင်းကို စကားမပြောချင်ဘူး ။
သမီး ဖေဖေဆို သူမျက်နှာကို မကြည့်ချင်တာ ။ ဒါပေမယ့် သမီး
တို့ချင်းတွေ့ကြည့်ပါအုံးလေ။ သူဘာတွေပြောလာမလဲ ဆိုတာ နားထောင်ကြည့်ပေါ့ ။
မေမေတို့ကတော့ ဘာမှ မစွတ်ဖက်လိုပါဘူး ။ သမီး စိတ်တိုင်းကျတာ ဆုံးဖြတ်ပါ ။
သမီးလျှောက်ရမယ့် လမ်းကို သမီး မှန်ကန်စွာ ရွေးချယ်နိုင်ပါစေကွယ် *
* ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆုံးဖြတ်ပြီးတားပါ ။ သူနဲ့ တွေ့ကြည့်လိုက်ပါ့မယ် *
သူနဲ့ဆုံဖို့ ဖုန်းဆက်လိုက်ချိန် ကျွန်မ အသံကို မောင် ကြားလိုက်ရချိန်
တော်တော် အံ့သြနေခဲ့ပါတယ် ။ ကျွန်မကို တွေ့လိုက်ရချိန်မှာတော့ သူလက်ထဲက
ဖုန်းလေး ကြမ်းပြင်ပေါ် လွတ်ကျသွားတဲ့ အထိကို မောင်
အံ့သြမှင်သက်သွားစေခဲ့တယ် ။ ကျွန်မ မောင်မျက်နှာကို နောက်ဆုံးအနေနဲ့
သေသေချာချာကို စိုက်ကြည့်ပြီး စကားလုံးတွေကို အေးဆေးစွာ
ပြောထွက်နိုင်ခဲ့အောင် ကျွန်မ မာနတွေက တွန်းအားတွေ ပေးစေခဲ့တယ် ။
*
မောင် ကို ကျွန်မ သိပ်ချစ်ခဲ့ပါတယ် ။ ခုချိန်ထိ သိပ်ချစ်နေဆဲပါမောင် ။
ဒါပေမယ့် ရှေ့ဆက် လက်တွဲ လျှောက်ဖို့ဆိုတာကတော့ ကျွန်မ မာနတွေက လုံးဝ
လက်မခံတော့ပါဘူး ။ ကျွန်မတို့ ဇာတ်လမ်းလေး အပြီးတိုင် အဆုံးသတ်ဖို့ မောင်
ကျွန်မကို ကွာရှင်းပေးပါ တော့မောင် ။ မောင်ကို ဆက်သည်းခံပေးဖို့ ကျွန်မမှာ
အားအင်တွေ ကုန်ခမ်းနေပါပြီ။ ခံနိုင်ရည်တွေလည်း ကုန်ခမ်းနေပါပြီ ။ မောင်ကို
ကျွန်မနားလည်ပေးခဲ့သလို ....ကျွန်မကို တစ်သက်လုံး ဘယ်တုန်းကမှ နားလည်
မပေးခဲ့တဲ့ မောင် ဒီတခါတော့ နားလည်မှုလေး တစ်ခုထားပြီး ကျွန်မကို
ကွာရှင်းပေးပါမောင် *
နှစ်တွေတော်တော်ကြာအောင်
ပေါင်းဖက်လာတဲ့ ဇနီးမောင်နှံတွေမို့ မောင် သိနေခဲ့ပါတယ် ။ ကျွန်မကို
တောင်းပန်ဖို့ မရနိုင်တော့ဘူးဆိုတာကိုပေါ့ ။ ဒါကြောင့် တစ်ယောက်နဲ့
တစ်ယောက် နားလည်မှု တခုနဲ့ လမ်းခွဲပြတ်ဆဲလိုက်ကြပါတော့သည် ။တရားရုံးပေါ်က
ဆင်းလာတဲ့အချိန်မှာ မောင်မျက်နှာကို တချက်လှည့်ကြည့်ကာ
နှုတ်ဆက်လိုက်ချိန်ကစပြီး ကျွန်မဘ၀ထဲကနေ မောင်ဆိုတဲ့ လူတစ်ယောက်ကို
အပြီးတိုင် ထုတ်ပစ်လိုက်ပါတော့သည် ။ မောင်နဲ့ အဝေးဆုံး နေရာလေးတစ်ခုမှာဘဲ
ကျွန်မဘ၀လေးကို ဆက်လက်ရှင်သန်ပါရစေတော့ မောင် ။ ကျွန်မ မသိစိတ်ထဲမှာ
ပုန်းလျှိုးနေခဲ့တဲ့ မာနတွေကိုမှ မောင်ရဲ့ ရက်စက်တဲ့ စကားလုံးရှာဖွေစက်နဲ့
ဖော်ထုတ်စေခဲ့တယ်လေ ။ မောင်လို့ အမြတ်တနိုးခေါ်ခဲ့တဲ့ လူတစ်ယောက်ကို
လှည့်ကြည့်ချင်စိတ်မရှိလောက်အောင် နာကြည်းသွားခဲ့ပါပြီ။ မောင်ကို
နားကြည်းစေတတ်စေဖို့ ပထမ ဆုံး သင်ပေးခဲ့တာတော့ မောင်ပြောခဲ့တဲ့ စကားစုလေး
ဟားဟ
! ဟုတ်ပါတယ်ကွာ ။ ငါထက် သာတာတွေ ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး
ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး
မင်းခုပုံစံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ
ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ ။
ဒီစကားစုလေးကြောင့် ကျွန်မ မာနတွေ ပုန်းလျှိုးနေရာကနေ
ပေါ်ထွက်လာခဲ့တယ် ။ ဒုတိယ ပြတ်သားစေခဲ့တာကတော့ ကျွန်မ ဘ၀တစ်လျှောက်လုံး
ပုန်းလျှိုးနေခဲ့တဲ့ ကျွန်မရဲ့ မာနတွေပါပဲ ။ မောင်ကို သိပ်ချစ်ခဲ့ဖူးပေမယ့်
ပုန်းနေရာက ပေါ်လာတဲ့ ကျွန်မ မာနတွေ နဲ့ ပြိုင်ဆိုင်ကြတဲ့
အခါမှာတော့………………………
လမင်း
0 comments:
Post a Comment