Labels:

HIV ထိန်းချုပ်ဆေးသစ်တမျိုးအား အမေရိကန် FDA မှခွင့်ပြု

HIV ထိန်းချုပ်ဆေးသစ်တမျိုးအား အမေရိကန် FDA မှခွင့်ပြု

Gilead
10
0

မဲပေးပါ


HIV ပိုးရှိနေသော်လည်း တကြိမ်တခါမှုမခံယူခဲ့ရသေးသော အရွယ်ရောက်ပြီးသူ ရောဂါရှင် များအနေနှင့် ၄င်းတို့ကိုယ်ခန္ဓာတွင်းရှိ HIV ပိုးများကိုထိန်းချုပ်နိုင်ရန် တနေ့လျှင် တကြိမ်သာသောက်ရမည်ဖြစ်သော Gilead Sciences ကုမ္ပဏီမှသုတေသနပြု၍ ထုတ်လုပ်လိုက်သည့် စထရီဘိုင်းလ်ဒ် (Stribild) ဟုအမည်ရသော HIV ရောဂါပိုးထိန်းချုပ်ရေး ဆေးဝါးအား အမေရိကန်အစားအသောက်နှင့်ဆေးဝါးဆိုင်ရာအုပ်ချုပ်ရေးဋ္ဌာန (FDA) မှတနင်္လာနေ့၌ခွင့်ပြုလိုက်သည်။




အဆိုပါဆေး၌ယခင်ကတည်းကခွင့်ပြုထားပြီးဖြစ်သည့် HIV ထိန်းချုပ်ရေးဆေးများဖြစ်သည့် အယ်လ်ဗိုက်ဂရေဗီယာ (Elvitegravir) နှင့် ကိုဘီစစ္စတက် (Cobicistat) တို့ပါဝင်သည်။ Elvitegravir ဆေးသည် HIV ပိုးပွားများစေနိုင်ရန် လိုအပ်သောအင်ဇိုင်း (Enzyme) တမျိုးအား Elvitegravir ဆေးမှကြားဖြတ်ဟန့်တား၍ Elvitegravir ဆေးအာနိသင်အကျိုးသက်ရောက်သည့်အချိန်အား Cobicistat မှပိုမိုကြာမြင့်စေရန်အထောက်အကူပြုသည်။
Stribild ဆေးသောက်၍ကုသမှုခံယူသော HIV ပိုးရှိသူလူနာများ၏ (၈၈%) မှ (၉၀%) အထိသည် ထိုဆေးသောက်ပြီး (၄၈) ပတ်အကြာတွင် ၄င်းတို့၏သွေးထဲတွင် HIV ပိုးအားစမ်းသပ်စစ်ဆေးပါက ရှာမတွေ့နိုင်တော့သည့်အဆင့်သို့ တိုးတက်ရောက်ရှိလာခဲ့ကြသည်။ ထရူဗာဒါ (Truvada) နှင့်အခြားဆေးတမျိုးတို့ပါဝင်သော အထရစ်ပလာ (Atripla) ဆေးကိုသောက်သုံးသောလူနာများတွင်မူ (၈၇%) သာထိုအဆင့်ကိုရောက်ရှိခဲ့ကြသည်။

ခန့်မှန်းချေအားဖြင့် အမေရိကန်နိုင်ငံသား (၁.၂) သန်းခန့်တွင် HIV ရောဂါပိုးရှိနေပြီး HIV ပိုးထိန်းချုပ်ရေး ဆေးဝါးများ မသောက်သုံးပါက ထိုသူများအနေနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်ပွားသောအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ AIDS သည် လူ့ခန္ဓာကိုယ်တွင်းရှိ ရောဂါကာကွယ်ရေးစနစ်အား ရပ်ဆိုင်းသွားစေမည်ဖြစ်ပြီး အခြားရောဂါများ ကူးစက်ဝင်ရောက် လာစေမည်ဖြစ်ကာ နောက်ဆုံးတွင် အသက်ဆုံးပါးသွားမည်ဖြစ်ပါသည်။ HIV ရှိသူလူနာများအနေနှင့် ရောဂါပိုးထိန်းချုပ်ရေးရော စပ်ဆေးဝါးများ (Antiviral Cocktail) ကိုသောက်သုံးလျှင် ကျန်းကျန်းမာမာဖြင့် သာမန်လူများအတိုင်းနီးပါး အသက်ရှင်နေ ထိုင်သွားနိုင်မည်ကြဖြစ်သည်။
အခြားသော HIV ဆေးဝါးများနည်းတူ Stribild ဆေးဗူးခွံပေါ်တွင်လည်း အသည်းကိုထိခိုက်နိုင်ခြင်းနှင့် ခန္ဓာကိုယ်အတွင်း လက်တစ်အက်ဆစ်ပမာဏ တိုးတက်များပြားလာနိုင်မှုတို့အပါအ၀င် ဆေးသောက်သူလူနာများအနေနှင့် ခံစားရနိုင်သော ဘေးထွက်ဆိုးကျိုးများကို ဖေါ်ပြထားသည်။ အဓိကအားဖြင့် လူနာခံစားရနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်းနှင့် ၀မ်းပျက်ဝမ်းလျှောခြင်းတို့ဖြစ်သည်။

Gilead ကုမ္ပဏီ မှသုတေသနပြုထုတ်လုပ်သော ထရူဗာဒါ (Truvada) ထိန်းချုပ်ဆေးအား HIV ပိုးရှိနေသူများအား ကုသနိုင်ရန် (၂၀၀၄) ခုနှစ်တွင် FDA မှခွင့်ပြုခဲ့သည်။ ပိုးရှိမနေသော်လည်း HIV ပိုးကူးစက်ခံရနိုင်ရန် အလားအလာမြင့်မားသည့် သာမန်လူများ အတွက် ပထမဆုံးသော ကာကွယ်ဆေးဖြစ်လာသည့် Truvada ဆေးအား ကာကွယ်ဆေးအဖြစ်ပါ ရောင်းချပေးနိုင်ရန် Gilead ကုမ္ပဏီအား FDA မှ (၂၀၁၂) နှစ်အစောပိုင်း၌ ထပ်မံခွင့်ပြုခဲ့ပြီးဖြစ်သည်။ Gilead Sciences Inc. အား အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဖေါ်စတာမြို့တွင်အခြေစိုက်ထားပြီး၊ ၄င်း၏အစုရှယ်ယာတန်ဖိုးမှာ (၁၀) ဆင့် ခန့်ကျဆင်းခဲ့ပြီး (၅၇.၁၉) ဒေါ်လာနှင့် တနင်္လာနေ့တွင် ဈေးကွက်ပိတ်ခဲ့ပြီးနောက်မှ (၁၁) ဆင့်ခန့် ပြန်လည်မြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်သောခေတ်ဆိုး၌ နိုင်ငံအတွက်မလိုအပ်သော စစ်လက်နက်များဝယ်ယူ၍ စစ်တပ်ကိုအဆမ တန်တိုးချဲ့ရန် စစ်အသုံးစရိတ်ကို GDP ၏ထက်ဝက်ခန့်သတ်မှတ်ပြီး ဖြုန်းတီးခဲ့သော်လည်း ကျန်းမာရေးဘတ်ဂျက်စတိမျှသာချပေး၍ HIV ရောဂါရှင်များအတွက် ART ဆေးဝါးထောက်ပံ့မှု မပေးနိုင်ခဲ့သော်လည်း AZG ဟုခေါ်သော INGO အဖွဲ့မှဈေးကြီးသော ART ဆေးဝါးကို HIV/AIDS ဝေဒနာရှင်များအတွက်ထောက်ပံ့ပေးခဲ့သည်။
ART ဆေးဝါးကို ပညာရေးအားနည်းပြီး စီးပွားရေးနားမလည်သော မိမိတို့စစ်အစိုးရမှ မထောက်ပံ့ပေးနိုင်သည့်အတွက် ပညာမတတ်သော စစ်အစိုးရအနေနှင့် အစကတည်းကမရှိသောသိက္ခာများ ဒင်းတို့ကြောင့်အတော်ပင်ကျဆင်းရသည်ဟူသော လူပြိန်းအတွေးများကြောင့် ထိုစဉ်ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၏လက်ချက်နှင့်  ၂၀၀၇ ခုနှစ်ခန့်က AZG အဖွဲ့တွင် ဘဏ္ဍာငွေပြတ်လပ်သွားသည်ဟူသော သတင်းအမှားအားလွှင့်၍ AZG အားနှင်လွှတ်လိုက်ပြီး လူနာများအား ဘာမှအလုပ်မဖြစ်သော ဝေဘာဂီဆေးရုံသို့လွှဲပြောင်းရာ လူနာအများအပြား သေဆုံးခဲ့ကြသည်ဟု တော်တော်သတင်းကြီးခဲ့ပါသည်။ ယခုနောက်ပိုင်း AZG ပြန်ရောက်လာပြီးမှ ART ပြန်လည်ထောက်ပံ့လာနိုင်ခဲ့သည်ဟု ထပ်မံသတင်းထွက်လာပါသည်။
အမေရိကန်သမ္မတကလင်တန်လက်ထက်မှစပြီး HIV ဝေဒနာရှင်များအား အမေရိကန်နိုင်ငံမှ Refugee အဖြစ်နှင့် စတင်လက်ခံခဲ့သည့်နောက်ပိုင်းရောက်ရှိလာကြသူများထဲမှ HIV/AIDS ရှိနေသူ မြန်မာများအပါအ၀င် ရောဂါရှင် Refugee များအား အမေရိကန်နိုင်ငံတော်မှ အိမ်ခန်းကျယ်ကြီးများအား သီးသန့်ငှားရမ်းပေး၍ အေးချမ်းစွာနေထိုင်စေကာ၊ နောက်ဆုံးပေါ် ART ဆေးဝါးများကို ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ထောက်ပံ့ပေးနေပါသည်။ ထို့ပြင် ထိုဝေဒနာရှင်များအတွက် လစဉ်ရိက္ခာထောက်ပံ့မှု (Food Stamp) နှင့် ငွေကြေးထောက်ပံ့မှု (Cash Assistance) များကို လောက်ရုံမဟုတ်ပဲ လိုအပ်သည်ထက် ပိုလျှံအောင်ပင် ထောက်ပံ့ပေးထားပါသည်။ ဆေးဝါးကုသမှုကုန်ကျစရိတ်အတွက်လည်း အမေရိကန်နိုင်ငံတော်မှ အပြည့်အ၀တာဝန်ယူထား၍ ၀ါသနာပါလျှင် နေရပ်နိုင်ငံတွင်မိသားစုရှိပါက မိမိရသောငွေအား အိမ်ပြန်ပို့၍ပင်ရပါသည်။ ပုံပြင်လုံးဝမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိနေထိုင်ကြသူမြန်မာများထဲမှ လူအချို့သိကြပါသည်။ နေရာပေါ်မူတည်၍ ကံကြမ္မာအနေအထားကွာခြားမှုအား ဗဟုသုတအလို့ငှာ ဖေါ်ပြခြင်းဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲလိုသူဟု သတင်းကြီးသော ဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင်မူ HIV/AIDS ဝေဒနာရှင်များအား မည်ကဲ့သို့ ကူညီထောက်ပံ့ပေးသွားမည်ကို လေ့လာစောင့်ကြည့်ရပါဦးမည်။
Daniel Kane
 ဧရာဝတီသားလေး

0 comments:

Post a Comment